ပန်းတင်တံတား စကစတပ်စခန်းကို KIA တိုက်ခိုက်၊ အရာရှိအပါအဝင် ၅ ဦးသေ၊ ဒဏ် ရာရှိသူများပြား၊လက်နက်ခဲယမ်းများသိမ်းဆီး ရမိ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပန်းတင်တံတားရှိ စစ်ကောင်စီ တပ်စခန်းကို KIA တပ်ရင်း ၆ တပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် ရှောင်တခင် စီးနင်းတိုက်ခိုက်ကာ စခန်းကိုရှင်းလင်း ခဲ့ကြောင်း သတင်းရရှိသည်။


ပန်းတင်တံတား တပ်စခန်းကို KIA တပ်ရင်း ( ၆ ) တပ်ဖွဲ့တို့ ၂ နာရီ ကျော်ကြာမျှ တိုက်ခိုက်ခဲ့ပြီးနောက် စခန်းကို သိမ်းပိုက်ကာ ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်က 7stars News ကို ပြောသည်။ 


"စခန်းထဲမှာ စစ်ကောင်စီဘက် စစ်သားအင်အား ၄၀ ကျော်လောက်ရှိမယ်။ ဒီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာပြည်သူတွေ ကို အစစ်အဆေးကြမ်းတဲ့ အဖွဲ့ပဲ။ KIA ဘက်က လက်နက်ကြီးတွေ ၄၀ မမ လက်ထောက်ဗုံးသီးတွေ တရစပ်ပစ်သွင်းပြီး မြေပြင်ကနေ ကျားထိုးတိုက်တာ။ စစ်ကောင်စီ စခန်းဘက်ကလည်း တန်ပြန်တိုက်ခိုက်တယ်။ အချိန်အားဖြင့် ၂ နာရီလောက်ပေါ့… ၂ နာရီကြာ တိုက်ခိုက်ပြီးတဲ့နောက် စခန်းကို KIA တို့ သိမ်းနိုင်ခဲ့တယ်။ စစ်ကောင်စီဘက်က အရာရှိ (၁) ဦးနဲ့စစ်သား ၄ ဦး သေတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတာ ၃ ဦး အပြင် တစ်ခြားဒဏ်ရာရတဲ့ သူတွေလည်း များတယ်။ လက်နက်ခဲယမ်းတွေ အတော် များများသိမ်းနိုင်ခဲ့ကြတယ်။  KIA ဘက်လည်း ဒဏ်ရာရတဲ့ လူတွေပါတယ် လို့ပြောကြတယ်။” ဟု ဆိုသည်။


နှစ်ဘက် ပစ်ခတ်နေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုရှိပြီး ပြည်သူများနေထိုင်သည့် နေအိမ်များပေါ် လက်နက်ကြီးကျည်ကျကွဲကာ ဒဏ်ရာရရှိ သူများလည်း ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ 


"စစ်ကောင်စီတပ်တွေက ထုံးစံအတိုင်း သူတို့ ရဲ့ တပ်စခန်းတွေကို လာတိုက်ပြီဆိုရင် ပြည်သူ တွေ နေတဲ့ဘက် လက်နက်ကြီးတွေ ရည်ရွယ် ချက်ရှိရှိ ပစ်လေ့ရှိတယ်။ ဒီမနက်လည်း ပြည် သူတွေနေတဲ့ မော်ဝမ်း ရပ်ကွက် ၇ ဘက်မှာ လက်နက်ကြီးကျည်ကျကွဲတယ်။ မော်ဝမ်း ပေါ်ဦး ရေသန့်စက်ရုံဝန်ထမ်း ၂ ဦး ဒဏ်ရာ ရသွားတယ်။ ပြီးတော့ မော်ဝမ်း အဝိုင်းပတ် အနီးက ဦးပလောင့်ခေါင်ဒေါင် ရဲ့ လက်ဝဲဘက် လက်မောင်းမှာ ကျည်စထိမှန်ခဲ့တာ ရှိတယ်။ ပြည်သူတွေရဲ့ အမြင်မှာ KIA တွေ လာတိုက် ခိုက်လို့ အခုလို ပြည်သူတွေ ဒုက္ခရောက်ရတာ ပါ ဆိုတဲ့ အတွေး အမြင် ခံစားချက်တွေ ဖြစ်စေဖို့ကို ရည်ရွယ်ပြီး စစ်ကောင်စီဘက်က ခုလို ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာလို့ ယူဆတယ်။” ဟု ဆိုသည်။ 


ကချင်ပြည်နယ် ဖားကန့်ဒေသတွင် စစ်ကောင် စီ တပ်ဖွဲ့က KIA ဝန်ထမ်းများ နှင့် KIA နှင့် ဆက်နွယ်သူများကို လိုက်လံဖမ်းဆီးမှုများကို ခပ်စိပ်စိပ် လုပ်ဆောင်ခဲ့ကြပြီးနောက်ပိုင်း ယခု တိုက်ခိုက်မှုသည် KIA ဘက်မှ တန်ပြန် သည့် ဦးဆုံးသော စခန်းသိမ်း တိုက်ပွဲ ဖြစ်သည်။

Post a Comment

0 Comments