ခလရ (၁၂၃) တပ်မှ ရမ်းသန်းပစ်ခတ်လိုက်သောလက်နက်ကြီးကျည်ကြောင့် ပြည်သူ (၄) ဦး ဒဏ်ရာပြင်းထန်စွာရရှိ။


        ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စု အနီး ဇီးဒဘန်ရွာပေါ်သို့ စစ်ကောင်စီတပ် ခလရ ၁၂၃ တပ်မှ ပစ်လွှတ်လိုက်သော လက်နက်ကြီးကျည်ကျကွဲသဖြင့် ပြည်သူ ၄ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ ကြောင်း သတင်းရရှိသည်။ဟိုမုန်းရွာအရှေ့ခြမ်းရှိ ကောင်ရာဘွမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွားနေစဉ်နမ့်ဖတ်ကာအခြေစိုက် ခလရ ၁၂၃ တပ်မှ လက်နက်ကြီး ပစ်ကူမှု ရှိ ခဲ့ပြီး ယင်းလက်နက် ကြီး ပစ်ကူသော ကျည်များ ဇီးဒဘန်ရွာပေါ် ကျရောက် ပေါက်ကွဲခြင်းကြောင့် ပြည်သူ ၄ ဦးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း ပြည်သူတစ်ဦးက 7stars News ကိုပြောသည်။
 
"တိုက်ပွဲဖြစ်နေတာက ဟိုမုန်းအနီး ကောင်ရာ ဘွမ် မှာဖြစ်တာ။ နမ့်ဖတ်ကာ ၁၂၃ တပ်က လက်နက်ကြီး ပစ်ကူ တယ်။ လက်နက်ကြီးပစ် သံတွေ တစ်မိနစ်အတွင်း သုံး လေးကြိမ် လောက်ကြားရတယ်။ ခု လက်နက်ကြီး ကျည် ကျကွဲတဲ့ နေရာက နမ့်ဖတ်ကာ နဲ့ကပ်ရပ်ရွာ လေ။ ၁၂၃ တပ်က ပစ်တဲ့ လက်နက် ကြီးကျည် လို့တပ်အပ် ပြောနိုင်တာကလက်နက်ကြီး ကျည်ကျကွဲတဲ့ ဇီးဒဘန်ရွာက ၁၂၃ တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာလမ်းကြောင်း တည့်တည့်မှာရှိနေလို့ ပြောနိုင်တာပါ။ တမင်မဟုတ်ရင်တောင်ရမ်းသန်း ပစ်လို့ ဖြစ်တာလို့ ပြောလို့ရတယ်။ ဒဏ်ရာရတဲ့ ပြည်သူ ၄ ဦး မှာ တစ်ဦးက အသက်စိုးရိမ်ရတဲ့ အခြေအနေပါ။” ဟု ဆိုသည်။
 
လက်နက်ကြီးကျည်စ ထိမှန်၍ ဒဏ်ရာရရှိခဲ့ သော ပြည်သူ ၄ ဦးအား ကွတ်ခိုင်ဆေးရုံကြီးသို့ပို့ဆောင်ထားပြီ ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောဆိုသည်။ "ဇီးဒဘန်ရွာမှာနေတဲ့ ဒေါ်ကဒိုးခေါန်နန်တို့ မိသားစု အိမ်ပေါ် လက်နက်ကြီးကျည်ကျကွဲ တာပါ။ ဒဏ်ရာရတာက ဒေါ်ကဒိုးခေါ်န်နန် (၄၇) နှစ်၊ မောင်ဘရန်စစ် (၁၇) နှစ်၊ မောင်ဘရန်ဆန်အောင် (၉) နှစ် နဲ့ ဆရာမမေရီဆိုင်းနန် (၂၁) နှစ် တွေပါ။ သူတို့ထဲက မောင်ဘရန်စစ် (၁၇) နှစ်က ဒဏ်ရာပိုပြီးပြင်းထန်တယ်။ အသက်စိုးရိမ် ရတဲ့ အခြေအနေပါ။ ဒဏ်ရာရတဲ့သူတွေကို နမ့်ဖတ်ကာက ပရဟိတကား ၂စီးနဲ့ ကွက်ခိုင်ဆေး ရုံ ဘက်ပို့ထားတယ်။ ခုလောက်ဆို ဆေးကုသ ခံနေရောပေါ့။” ဟု ဆိုသည်။
လွန်ခဲ့သော ဇူလိုင်လ ၉ ရက်နေ့တွင်လည်း နမ့် ဖတ်ကာ ၁၂၃ တပ်မှ လက်နက်ကြီးရမ်းသန်း ပစ်ခတ်မှု ရှိခဲ့ပြီး ယင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နမ့်ဖန်ကာရှိ ဦးဘရန်ရှောင်၏ နေအိမ်ပျက်စီးခဲ့ရကာ သမီး ဖြစ်သူ မဘောက်ဆန် ဒဏ်ရာပြင်းထန် စွာရရှိ ခဲ့သည်။

 
 
ဓာတ်ပုံ။ ။ ဒဏ်ရာရရှိခဲ့သူများ။ (CJ)
edit: : ဒါဏ်ရာပြင်းထန်သော မောင်ဘရန်စစ် (၁၇) နှစ်၊ ဆေးကုသခံယူနေစဉ် ၉:၂၀ အချိန်တွင် သေဆုံးသွားပြီ ဖြစ်ကြောင်း ဆက်လက် ကြားသိရ။

Post a Comment

0 Comments