ကောင်ရာတောင်စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆီးရမိ။

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုမုန်းကျေးရွာ အရှေ့ခြမ်းတောင်ကြောရှိ ကောင်ရာဘွမ် တပ်စခန်းကို ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲအချိန်တွင် KIAတပ်ဖွဲ့မှ ရှောင်တခင် စီးနင်းတိုက်ခိုက်ခဲ့ ကြောင်း သတင်းရရှိသည်။စစ်အင်အား ၈၀ ခန့်ရှိသော ကောင်ရာဘွမ်ရှိ စစ်ကောင်စီ တပ်စခန်းကို KIA မှ ဒရုန်း နှင့် လက်နက် ကြီးပစ်ကူဖြင့် ကျားထိုးတိုက်ခိုက်ခဲ့ ခြင်းဖြစ် ကြောင်း မြေပြင်သတင်းရင်းမြစ်က 7stars news ကိုပြောသည်။
 
"ကောင်ရာဘွမ် စခန်းမှာ အရင်နေ့တွေမှာတော့စစ်ကောင်စီတပ်သား အင်အား ၈၀ လောက်ရှိ တယ်။ဒီနေ့တော့ အင်အားဘယ်လောက်ရှိနေမှန်းမသိဘူး။ KIA ဘက်က ဒီညနေပိုင်း ၄ နာရီခွဲ မှာဒရုန်းတွေ နဲ့ ဗုံးခွဲတယ်။ လက်နက်ကြီးတွေ နဲ့ ပစ်တယ်။ စစ်ကောင်စီဘက်ကလည်း စခန်း ကနေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ KIA ဘက်က လက်နက်ကြီးတွေနဲ့ ဆယ်မိနစ်လောက် တရစပ်ပစ်ပြီးတဲ့နောက် မြေပြင်တပ်တွေကောင်ရာဘွမ် စခန်းကို ကျားထိုး တိုက်တော့တာ။” ဟု ဆိုသည်။ကောင်ရာဘွမ် စစ်ကောင်စီတပ်စခန်းကို ညနေ ၆ နာရီခွဲ အချိန်တွင် KIA ဘက်မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းနိုင်ခဲ့ ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။
 
"ဒီညနေ ၆ နာရီခွဲမှာ ကောင်ရာဘွမ်စခန်းကို KIA ဘက်က သိမ်းနိုင်ခဲ့တယ်။ တိုက်ခိုက်ချိန် ၂ နာရီလောက်ကြာ တာပေါ့။ လက်နက်ခဲ ယမ်းတွေကားတစ်စီးတိုက်စာလောက် သိမ်း နိုင်ခဲ့ကြတယ်။ စစ်ကောင်စီဘက်က အကျ အဆုံးတွေရှိတယ်။ အကျအဆုံးစာရင်းကိုတော့ ကျွန်တော်တို့လည်း သေချာမသိရဘူး။ KIA ဘက်ကသူ့ ဝသီ အတိုင်း ပြောလေ့မရှိဘူး။” ဟု ဆိုသည်။ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီဘက်မှ နမ့်ဖတ်ကာ ၁၂၃ တပ်ကနေပြီးလက်နက် ကြီးများ တရစပ် ပစ်ကူမှုရှိခဲ့ပြီး ယင်း ပစ်ခတ်မှုကြောင့် ဇွပ်ရာရွာပေါ် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲကာ ပြည်သူ့နေအိမ် တစ်အိမ် မီးလောင်ပျက်စီးမှု ရှိ ခဲ့ကြောင်းကို လည်း ဒေသတွင်း ပြည်သူတစ်ဦးက ယခုကဲ့သို့ ပြောဆိုသည်
 
"တိုက်ပွဲအရမ်းပြင်းတယ်။ လက်နက်ကြီးပစ် သံတွေလည်း ကမ္ဘာကြီးပြိုသွားပြီလားလို့ တောင် ထင်ရလောက် အောင်ပဲ။ တိုက်ပွဲ ဖြစ်တဲ့နေရာက ကောင်ရာဘွမ်မှာ ဖြစ်တာ။ ခု လက်နက်ကြီးကျည်က ဇွပ်ရာရွာမှာ ကျကွဲ တာ။ လက်နက်ကြီးကျည်ကျကွဲ တဲ့ လမ်းကြောင်းကိုကြည့်ရင် နမ့်ဖတ်ကာ ဖက်က ပစ်တဲ့ လက်နက်ကြီး ကျည်ပဲ။ စစ်ကောင်စီ ဘက်က ပစ်တဲ့ ကျည်လို့ အတိအကျ ပြောလို့ ရတယ်။ KIA တွေ ပစ်ရင် ဇွပ်ရာရွာ ဘက်ကျမှာ မဟုတ်ဘူး။ လမ်း ကြောင်း က တခြားစီလေ။လက်နက်ကြီးကျည်ကျကွဲလို့ ဇွပ်ရာရွာက အိမ် တစ်အိမ် မီးလောင်သွားတယ်။” ဟု ပြောဆို သည်။လွန်ခဲ့သော ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်းအဆိုပါ ကောင်ရာဘွမ် တပ်စခန်းအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့သည်။

Post a Comment

0 Comments