အသက် ၁၃နှစ်အရွယ် မောင်ခန့်ခန့်ငြိမ်းနှင့် LPDF ခေါင်းဆောင်ကို စကစတပ် ဖမ်းဆီးသတ်ဖြတ်။


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စကစ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရထားသော အသက် ၁၃ နှစ် အရွယ် မောင်ခန့်ခန့်ငြိမ်းကို ဆေးရုံပို့စဉ် လူနာနှင့် လူနာပို့တို့အား စကစတပ်မှ ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သတင်း ရရှိသည်။ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်း မကျီးအုပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် သေနတ်များ ပစ်ဖောက် ဝင်ရောက် စီးနင်းခဲ့ရာ အသက်  ၁၃ နှစ်အရွယ် ကလေးငယ် မောင်ခန့်ခန့်ငြိမ်း LPDF ခေါင်းဆောင်တစ်ဦးမှ ဆေးကုသနိုင်ရန် ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလှပ်၌ အကြမ်းဖက် စကစ စစ်ကြောင်းနှင့် ဆုံရာ အကြမ်းဖက်တပ်မှ ကား ပေါ်မှ လူနာကို ဆွဲချပြီး မြောင်းထဲကန်ချ သတ်ဖြတ်ခဲ့သလို လူနာပို့‌ဆောင်သူ PDF ခေါင်းဆောင်ကိုလည်း ပစ်သတ်လိုက်ကြောင်း‌ ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

 သေဆုံးခဲ့သော ကလေးငယ် ရုပ်အလောင်းကို မိဘများက ကားဖြင့် သွားရောက်သယ်ဆောင်စဥ် အကြမ်းဖက်စစ်ကြောင်းနှင့် ထပ်မံ တွေ့ဆုံခဲ့ပြီး ကလေးမိခင်၏    လက်ဝတ်ရတနာများကို ရိုက်နှက်ဖြုတ်ယူခဲ့ပြီး ကားကို အကြမ်းဖက်တပ်က ယူဆောင်သွားကြောင်း သိရသည်။ 

စကစတပ် စစ်ကြောင်းထိုးတဲ့အခါ စစ်ခွေးတွေဟာ အသိစိတ် ပျောက်ဆုံးပြီး စိတ်ရိုင်းတွေ ဝင်နေတာကြောင့် ပြည်သူများ အနေဖြင့် ခပ်ဝေးဝေး‌ ရှောင်ကျဉ်နေရန် နှင့် ထိတွေ့တိုက်ပွဲအနီးနား ရောက်ရှိနေပါက ကျည်ကွယ်၊ မျက်ကွယ် နေရာသို့ ပုန်းရှောင်ကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။


Photo - သတ်ဖြတ်ခံလိုက်ရသော  အသက် ၁၃ နှစ် အရွယ် မောင်ခန့်ခန့်ငြိမ်း။

Post a Comment

0 Comments