ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဝင် တပ်သား ၂ ဦးကို စစ်ကောင်စီ တပ်ဖွဲ့မှ ဖမ်းဆီးကာ ရိုက်နှက် နှိပ်စက် စစ်ဆေး



ဦးရွှေမင်း ဦးဆောင်သောပြည်သူ့စစ်တပ်ဖွဲ့ဝင်တပ်သား ၂ ဦးအား ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးကာမပခ တိုင်းသို့ ချုပ်နှောင်ခေါ်ဆောင်သွားပြီးရိုက်နှက် နှိပ်စက် စစ်ဆေးမှု ပြုလျက်ရှိကြောင်းသတင်းရရှိသည်။

ဖမ်းဆီး နှိပ်စက် စစ်ဆေးခြင်းခံနေရသော ပြည်သူ့စစ်တပ်သား ၂ ဦးမှာ ဦးဂျီလေး နှင့်ဦးငွါးဆာ တို့ဖြစ်ပြီး ဦးရွှေမင်းကို ယုံကြည်ကာပြည်သူ့စစ်တပ်ဖွဲ့သို့ ဝင်ခဲ့သူများဖြစ်ကြသော်လည်း လက်ရှိတွင် ကချင်လူမျိုးအချင်းချင်း

ပစ်ခတ်တိုက်ခိုက်နေရသော အဖြစ်နှင့် ကြုံတွေ့နေရသောကြောင့် ၎င်းတို့၏ပြည်သူ့စစ်တပ်ဖွဲ့ကို စွန့်ခွာကာ ထွက်ပြေးခဲ့ကြရာမှ စစ်ကောင်စီတပ်ဖွဲ့၏ လိုက်လံဖမ်းဆီး ချုပ်နှောင်ခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့ နှစ်ဦး နှင့် နီးစပ်သူ တစ်ဦးက 7stars News ကိုပြောသည်။

"ဦးရွှေမင်းက ငါတို့လီဆူလူမျိုးတွေ ပြည်နယ်ရတော့မယ်။ ဗမာ နောင်တော်တွေကလည်းငါတို့ကို ခုချိန်မှာ အရမ်းကို ယုံကြည်အားကိုးနေကြတာ ဆိုပြီး မက်လုံးပေးခဲ့တာလေ။

  တောင်ပေါ်မှာနေတဲ့ တို့ လီဆူလူမျိုးတွေကသတင်းသေချာလည်း မဖတ်ဆိုတော့ ဘာတွေဖြစ်နေတယ်ဆိုတာကို သိကြတာမဟုတ်ဘူး။ဦးရွှေမင်း ရဲ့ ပြောစကားကိုယုံပြီး ပြည်သူ့စစ်ဝင်လုပ်ကြတဲ့လူတွေချည်းပဲ။ ဘုမသိဘ မသိ နဲ့ ပြည်သူ့စစ်ဝင်လုပ်တာ တကယ်တန်း လက်တွေ့မှာ စစ်ကောင်စီတပ်နဲ့ အတူပေါင်း ပြီး KIA ကို တိုက်နေရတော့ အတော်များများရှော့ဖြစ်ကြတာပေါ့။ ကချင်လူမျိုးအချင်းချင်းတိုက်နေရတာ သိတာနဲ့ ထွက်ပြေးဖို့ ကြံတဲ့သူတွေများလာတယ်။ ဦးဆုံးထွက်ပြေးတာသူတို့ ၂ ယောက်ပဲ။ စစ်ကောင်စီ တပ်ရဲ့ လက်ထဲ ပြန်အဖမ်းခံရတဲ့ သတင်းကြားရတော့အရမ်းစိတ်မကောင်းဘူး။ သူတို့ နှစ်ယောက်ရဲ့ မိသားစု ဝင်တွေလည်း စိုးရိမ်နေကြတယ်။”

ဟု ဆိုသည်။


ထိုပုဂ္ဂိုလ်ကပင် ယခုကဲ့သို့ ဆက်လျက်ပြောဆိုသည်။


 "ဦးဂျီလေး နဲ့ ဦးငွါးဆာ က ဝိုင်းမော် နဲ့ ရွှေညောင်ပင်ကြား အင်လုံခတံတားလုံခြုံရေးအဖွဲ့မှာ တာဝန်ကျနေတာ။ မနေ့က ဦးရွှေမင်းက ခု တိုက်ပွဲဖြစ်နေတဲ့ နန်ဇော်ယာန်ဖက်ကိုအင်အားဖြည့်ဖို့ အဲ့ဒီ တံတားစောင်တပ်ဖွဲ့ကို အမိန့်ပေးခဲ့တယ်။ နဂိုကတည်းက KIA နဲ့ တိုက်နေရတာကို သူတို့အတော်လေးကိုစိတ်ထိခိုက်နေကြတာ။ ရှေ့တန်းကို အတင်းပို့လွှတ်လိုက်တော့ ထွက်ပြေးဖို့ ဖြစ်လာတာပေါ့။ ပြီးတော့ နန်ဇော်ယာန် တိုက်ပွဲမှာ ကျဆုံးတဲ့ အထဲ ငါတို့ လီဆူတွေပိုများတယ်။ 

   

   ဦးဂျီလေး နဲ့ ဦးငွားဆာ သူတို့ နှစ်ယောက်နဲ့ အဖမ်းမခံရခင် နာရီဝက်အထိ ကျွန်တော်ဖုန်းအဆက်အသွယ်ရနေသေးတယ်။ ခုထိကြားနေရတာကတော့ ရိုက်နှက် နှိပ်စက်တာအရမ်းပြင်းထန်တာကြောင့် သေမလား ရှင်မလားတောင်မသိဘူးတဲ့။ နှိပ်စက်ပြီးသတ်ဖြတ် လိုက်မှာကို ကျွန်တော်အရမ်းစိုးရိမ်တယ်။

   

   ဦးရွှေမင်းကတော့ အနေသာကြီး စစ်ကောင်စီတပ် အရာရှိတွေနဲ့ မပခ တိုင်းထဲက အခန့်သားအမိန့်တွေ ပေးနေတာ။ တကယ့်ကို ရင်နာစရာ  ပဲ။” ဟု ဆက်လျက်ပြောဆိုခဲ့သည်။


ဦးရွှေမင်းသည် တောင်ပေါ်နေ လီဆူလူမျိုးများအား ပူတာအို ခရိုင် တစ်ခုလုံးကို လီဆူပြည်နယ် အဖြစ်ရရှိတော့မည် ဖြစ်ကြောင်းမက်လုံးများပေးကာ စစ်သားစုဆောင်းမှုပြုလုပ်ပြီး လက်ရှိတွင် အင်အား နှစ်ရာကျော်မျှဖြင့် စစ်ကောင်စီ တပ်ဖွဲ့ကို ပံ့ပိုး ပေးလျက်ရှိသည့် ပုဂ္ဂိုလ် ဖြစ်သည်။

Post a Comment

0 Comments