ဆွမ်ပီယာန်ကျေးရွာမှ စစ်ကောင်စီတပ်တို့ ခိုးယူ ခဲ့သော ပစ္စည်းများကို KIA တို့ ဖမ်းဆီးရမိ

 ဆွမ်ပီယာန်ကျေးရွာမှ စစ်ကောင်စီတပ်တို့ ခိုးယူခဲ့သော ပစ္စည်းများကို KIA တို့ ဖမ်းဆီးရမိ

        ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာရှိ နေအိမ်များ နှင့် ဆိုင်များမှ ပစ္စည်းများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက
ခိုးယူခဲ့ကြပြီး မြစ်ကြီးနားသို့ လိုင်းကားများဖြင့် သယ်ယူနေကြကြောင်း ပြည်သူများက အသိပေးလာသဖြင့် KIA တို့က ယနေ့ မတ်လ ၉ ရက်နေ့တွင် ပူတာအိုမှ မြစ်ကြီးနားသို့ လိုင်းဆွဲနေသော ကားများအားတားဆီး စစ်ဆေးမှုပြုရာမှ ခိုးရာပါ ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

        စစ်ကောင်စီတပ်ဖွဲ့မှ ဆွမ်ပီယာန်ကျေးရွာရှိပြည်သူ့ နေအိမ်များမှ ပစ္စည်းများကို ခိုးယူခဲ့မှုနှင့် ပတ်သက်၍ သတင်းရင်းမြစ်တစ်ဦးက 7stars News ကို ယခုကဲ့သို့ ​ပြောသည်။
"တိုက်ပွဲ က ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးပြင်းထန်လာတယ်။ KIA နဲ့ PDF တွေက ဆွမ်ပီယာန်အထက်က
စစ်ကောင်စီတပ်စခန်းကို တက်သိမ်းတယ်။ အဲ့ဒီနေ့ကတည်းကစပြီးဆွမ်ပီယာန်ရွာပြည်သူတွေက စစ်ဘေးရှောင်နေ
ရပြီ။ နောက်ပိုင်းရွာထဲအထိ လက်နက်ကြီးကျည်တွေ ကျကွဲတာတွေဖြစ်လာတော့ ဘယ်သူမှ မနေရဲတော့ဘူးလေ။ ကျေးရွာပြည်သူတွေက အိမ်တွေကိုသော့ခတ်ပြီးစစ်ဘေးရှောင်ကြတယ်။ စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူးပြည်သူ့စစ်တပ်ဖွဲ့တွေက ရွာထဲနေရာ ဝင်ယူကြတယ်။ သူတို့က သော့ခတ်ထားတဲ့ အိမ်တွေထဲ သော့ရိုက်ဖွင့်ပြီး ဝင်ကြတယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဒီတိုင်းယူလိုက်ကြတယ်။ ဆိုင်တွေကိုလည်း သော့တွေ ဖျက်ပြီး ဝင်တယ်။ ပစ္စည်းတွေယူတယ်။ သူတို့က ပြည်သူတွေအပေါ်စာနာနားလည်မှု နည်းနည်းမှ မရှိဘူးပဲ။သူခိုး ဓားပြတွေပဲ။” ဟု ဆိုသည်။

        စစ်ကောင်စီ တပ်ဖွဲ့များက ၎င်း တို့ ခိုးယူခဲ့သော ပစ္စည်းများကို လိုင်းကားဖြင့် သယ်ယူနေကြကြောင်း ဒေသခံတွေက KIA အားအရေးယူပေးရန် အကြောင်းကြားခဲ့ကြောင်းကိုလည်း သတင်းရင်းမြစ်တစ်ဦးက 7stars News ကို ပြောသည်။

"စစ်ကောင်စီတပ်ဖွဲ့တွေက ဆွမ်ပီယာန်ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူပြီး လိုင်းကားတွေနဲ့ သယ်ယူနေကြတာလေ။ အဲ့လိုလုပ်နေတာကို သိတဲ့ ပြည်သူတွေကKIA ကို အရေးယူပေးဖို့ စာနဲ့ လျှောက်တင်ကြတယ်။ တကယ်ပဲ ဒီနေ့ ပူတာအိုကနေမြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ လိုင်းကားတွေကို KIA တွေက စစ်ဆေးတယ်။ စစ်ဆေး
တော့ ခိုးရာပါ ပစ္စည်းတွေကို မိတော့တာပဲ။” ဟု ဆိုသည်။

        KIA မှ ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီ၏ ခိုးရာပါ ပစ္စည်းများကို ပိုင်ရှင်ပြည်သူများထံသို့ ပြန်လည် ပေးအပ်နိုင်ရန်အတွက် တာဝန်ရှိသောကျေးရွာ ရပ်မိရပ်ဖများထံ အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။


The 7Stars News

Post a Comment

0 Comments