ဆွမ်ပီယာန်တိုက်ပွဲတွင် ဘိန်းခင်းများကို အကာအကွယ်ပေးနေသော စစ်ကောင်စီတပ်တို့ အကျအဆုံးများပြား

 ဆွမ်ပီယာန်တိုက်ပွဲတွင် ဘိန်းခင်းများကို အကာအကွယ်ပေးနေသော စစ်ကောင်စီတပ်တို့ အကျအဆုံးများပြား

        ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာတွင်KIA, PDF ပူးပေါင်းတပ်ဖွဲ နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက် ၆ နာရီခွဲ အချိန်ကစပြီးတိုက်ပွဲ ပြင်းထန်ခဲ့ရာ ယနေ့ညနေပိုင်း ၄ နာရီအချိန်ထိ ထိပ်တိုင်ရင်ဆိုင်တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

        ဆွမ်ပီယာန် တိုက်ပွဲသည် စစ်အာဏာရှင်အားဆန့်ကျင်သော တိုက်ပွဲတင်မဟုတ်ပဲ ဘိန်းစစ်ဆင်ရေးလည်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက 7stars News ကို ပြောသည်။

"ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ပူတာအိုဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာတယ်။ အဲ့ဒီနေ့မှာပဲ ဆွမ်ပီယာန်မှာရှိတဲ့ ခေါင်လန်ဖူးပြည်သူ့စစ် စခန်းကို KIA နဲ့ PDF တွေ တက်သိမ်းလိုက်တယ်။ ဆွမ်ပီယာန်ကျေးရွာ၊ အင်စီယာန်ကျေးရွာ နဲ့ခဖဝမ်ကျေးရွာတွေမှာ ဘိန်းခင်း ဧကပေါင်း၇၀၀ ကျော်ရှိတယ်။ ပူတာအိုဒေသမှာ KIAရဲ့ အဓိကပစ်မှတ်က ဘိန်းခင်းတွေကိုပဲ။ဘိန်းခင်းတွေကို ဖျက် ဖို့ ဘိန်းခင်းလုံခြုံရေးယူထားတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်တပ်စခန်းကို အရင် တိုက်ရတာလေ။ စစ်ကောင်စီ နဲ့အဲ့ဒီ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တွေကဘိန်းခင်းပိုင်ရှင်တွေဆီက အခွန်တွေ အဆမတန်ကောက်ယူထားတာ။ ပူတာအိုဒေသမှာဘိန်းစိုက်ပျိုးခွင့် ပြုထားတာလည်း သူတို့ပဲ။ါကြောင့်လည်း KIA တွေ ဘိန်းခင်းဖျက်ဖို့ လုပ်တော့ သူတို့တွေ အသည်းအသန် ကာကွယ်နေကြတာပေါ့။” ဟု ဆိုသည်။

၎င်းကပဲ ဆက်ပြီး
"ဆွမ်ပီယာန်မှာ ရှိတဲ့ တပ်စခန်းကို KIA နဲ့ PDF တွေ တက်သိမ်းလိုက်တာမှန်ပါတယ်။ဒါပေမဲ့ သူတို့ အဲ့ဒီစခန်းမှာရှိနေရင်စစ်ကောင်စီတပ်က လာရောက် ပစ်ခတ်တာတွေလုပ်ပြီး ပြည်သူတွေ နစ်နာဖို့ရှိနေတာကြောင့် KIA နဲ့ PDF တို့က က အဲ့ဒီ တပ်စခန်းမှာ အခိုင်အမာ တပ်အထိုင်ချတာတွေ မလုပ်ဘူး။ ဒီတိုင်း စခန်းကို ရှင်းလင်းထားပြီးစောင့်ကြည့်နေတာမျိုးပဲ လုပ်တာပါ။ဟုဆိုသည်။

        ပူတာအို ဒေသတွင် လူကြီး လူငယ် ကလေးကအစ မူးယစ်ဆေးဝါး နှင့် ကင်းရှင်းသူ အင်မတန်နည်းပါးကြောင်း ဒေသခံ တစ်ဦးကလည်း ယခုကဲ့သို့ ပြောဆိုသည်။

"ဒီ ပူတာအိုဒေသမှာက မူးယစ်ဆေးတွေကိုဖောဖောသီသီ သုံးလို့ရတယ်။ အမျိုးသမီးအမျိုးသား မခွဲပဲ မူးယစ်ဆေးကျွန်ဖြစ်နေကြတယ်။ လူငယ်တွေရော အသက်ဆယ့် နှစ်နှစ် အရွယ်ကလေးတွေပါ မူးယစ်ကျေးကျွန် ဖြစ်နေကြရတယ်။ ခု ပူတာအိုဘက်တက်လာရင်တွေ့မှာပဲ။ ဆွမ်ပီယာန်အင်စီယာန် နဲ့ ခဖဝမ် ရွာတွေရဲ့ လမ်းမဘေးမှာတင် ဘိန်းကို ပေါ်ပေါ်ထင်ထင် စိုက်နေကြတာပဲ။ ဘယ်သူကမှ အရေးမယူပေးနိုင်ဘူးလေ။ ဘိန်းကြောင့်ပဲ ဒီဒေသကလူတွေ လူမျိုးသုဉ်းတော့မယ်” ဟု ဆိုသည်။

        တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဆွမ်ပီယာန်ကျေးရွာရှိနေအိမ်များကို စစ်ကောင်စီတပ် နှင့် ခေါင်လန်ဖူးပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး အိမ်တံခါးများ ရိုက်ဖွင့်ကာ အဖိုးတန် ပစ္စည်းများကို ခိုးယူနေကြကြောင်းကိုလည်း သတင်းရင်းမြစ် တစ်ဦးက 7stars News ကို ပြောသည်။

"တိုက်ပွဲတွေ ပြင်းထန်လာကတည်းက ရွာမှာရှိတဲ့ ပြည်သူတွေက စစ်ရှောင်စခန်းတွေမှာရှောင်တိမ်းနေကြပြီ။ ရွာထဲလည်း ပြန်မလာရဲကြဘူး။ ခု ရွာထဲမှာ စစ်ကောင်စီတပ် နဲ့ ခေါင်လန်ဖူးပြည်သူ့စစ်တွေ နေရာဝင်ယူထားတယ်။ သူတို့တွေက နေအိမ်တိုင်းကိုတံခါးတွေ ချိုးဖျက်ပြီး ဝင်ကြတယ်။တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဒီတိုင်းယူသွားကြတယ်။ကျွန်တော်တို့ မရှိမဲ့ရှိမဲ့ စုဆောင်းထားတဲ့ ဥစ္စာပစ္စည်းတွေလည်းကုန်ပါပြီ။” ဟု ဆိုသည်။

        ဆွမ်ပီယာန်ကျေးရွာတွင် ယမန်နေ့ည ၅ နာရီအချိန်မှ စပြီး KIA, PDF ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့
ပစ်ခိုက်တိုက်ခိုက်မှုပြင်းထန်ခဲ့ပြီး ယနေ့တွင်လည်း ၅ ကြိမ်ထက်မနည်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြရာ စစ်ကောင်စီဘက်မှ
၆ ဦးကျဆုံးမှုရှိကာ ဒဏ်ရာ ရရှိသူလည်း များပြားခဲ့ကြောင်း သိရသည်။

The 7Stars News

Post a Comment

0 Comments