မနော့မှော်တိုက်ပွဲတွင် တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအမြောက်အမြားကျဆုံး၊ စစ်ရဟတ်ယာဉ် ဖြင့် ကျေးရွာပေါ် ဗုံးကြဲ၊ ပြည်သူထိခိုက်၊ နေအိမ်ပျက်စီး

 မနော့မှော်တိုက်ပွဲတွင် တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအမြောက်အမြားကျဆုံး၊

စစ်ရဟတ်ယာဉ် ဖြင့် ကျေးရွာပေါ် ဗုံးကြဲ၊ ပြည်သူထိခိုက်၊ နေအိမ်ပျက်စီး

        ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်က စပြီးဖားကန့်မြို့နယ် အတွင်းရှိ မနော့မှော်တွင် KIA နှင့် စစ်ကောင်စီတပ် တပ်မ ၃၃ လက်အောက် ခမရ ၁၁၁ စစ်ကြောင်းတို့ ပြင်းပြင်း ထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် တပ်သားအမြောက်အမြား ကျဆုံးမှု ရှိခဲ့ရာ မွဲလွဲပိုင်း၁ နာရီအချိန်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ၂ စင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုပြုခဲ့သည့်အပြင် ညနေပိုင်း ၃ နာရီအချိန်တွင် စစ်ရဟတ်ယာဉ် ၃ စင်းဖြင့် ကျေးရွာများပေါ်သို့ ရမ်းသမ်းဗုံးကြဲ ​ခဲ့ကြောင်း သတင်းရရှိသည်။

        ထို့သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ နှင့် စစ်ရဟတ်ယာဉ်များကို အသုံးပြုကာရမ်းသမ်းဗုံးကြဲ ခဲ့ခြင်းကြောင့် ပြည်သူ့နေအိမ် ၂ လုံးကြေမွပျက်စီးကာ ပြည်သူတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက 7stars Newsကို ပြောသည်။

"မနက် ၉ နာရီကတည်းက မနော့မော်ဘက်မှာတိုက်ပွဲ ဖြစ်တယ်။ ၁ နာရီလောက်ရောက်တော့ဂျက်လေယာဉ်တွေနဲ့ ဗုံးလာကြဲတယ်။ အဲ့ဒီဂျက်လေယာဉ် ၂ စင်းဗုံးကြဲတာ ကျွန်တော်တို့ ကပ်မှော်ဇွမ်ရွာမှာ ဗုံးဆံတွေကျတယ်။သင်းထောက်ဦးမဂျီဘရန်နန် (အသက် ၈၇ နှစ်) က နေရာမှာပဲဗုံးဆံထိပြီး အသက်ဆံးရှုံးသွားတယ်။ သူ့အမျိုးသမီး ဒေါ်ဝဂျေထုရာ (အသက် ၅၀) က ဒဏ်ရာအတော်ပြင်းသွားတယ်။ ခုတော့မြစ်ကြီးနား ဆေးရုံကြီးမှာ ဆေးကုသခံနေတယ်။
ဦးလဖိုင်ခမ်းအောင် ၅၈ နှစ် ခြေထောက်မှာဒဏ်ရာ ရတယ်။ ဒေါ်ပထွမ်ခေါန်၈၆ နှစ် ခြေထောက်မှာ ဒဏ်ရာရတယ်။
ဒေါ်အင်ဒေါင်ခွန်တွမ် ၈၁ နှစ်က ညာလက်မှာ ဒဏ်ရာရတယ်။ အိမ် ၂ အိမ် ကတော့ကြေမွသွားတာပဲ” ဟုဆိုသည်။

        ယနေ့ KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခြင်းကြောင့် ကပ်မော်ရွာ၊ ကွမ်စိုင်ယာန်ရွာ၊ဆိုင်းဖရာရွာ၊
ဂေါ့လူယာန်ရွာ များမှပြည်သူများစစ်ဘေးရှောင်သိမ်းနေရကြောင်းသိရသည်။တပ်ရင်းမှူး နှင့် အရေးပါသူအချို့၏
ရုပ်အလောင်းကို စစ်ရဟတ်ယာဉ်ဖြင့် ယနေ့ညနေ ၄ နာရီအချိန်ခန့်တွင် သယ်ဆောင်သွားပြီဖြစ်ပြီး ဒဏ်ရာရရှိသူများကိုလည်းတစ်ပါတည်း ခေါ်ဆောင်သွားသည်ဟုဆိုသည်။
        ယနေ့သည် ကချင်တော်လှန်ရေးနေ့ ဖြစ်ရကားKIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ကလည်းပြည်သူများကို မိန့်ခွန်းပြောရာတွင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၌ တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားလာမည်ဖြစ်ပြီးပြည်သူများအနေဖြင့် NUG အစိုးရကို ထောက်ခံသည်နည်းတူ စားနပ်ရိက္ခာများကိုလည်းစုဆောင်းထားရန် မိန့်ဆိုခဲ့သည်။

The 7Stars News

Post a Comment

0 Comments