နမ့်ခမ်းမြို့သို့ TNLA တို့ စစ်ကြောင်း ၃ ကြောင်း ဖြင့်ဝင်လာ၊ စစ်ကောင်စီမှ ခြောက်လှန့်ပစ်ခတ် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ။

 နမ့်ခမ်းမြို့သို့ TNLA တို့ စစ်ကြောင်း ၃ ကြောင်းဖြင့်ဝင်လာ၊ စစ်ကောင်စီမှ ခြောက်လှန့်ပစ်ခတ်ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

        ရှမ်းပြည်နယ်မြောက်ပိုင်း နမ်းခမ်းမြို့ အတွင်းသို့ ယနေ့ နံနက်ပိုင်းတွင် TNLA တပ်ဖွဲ့တို့ စစ်ကြောင်း ၃ ကြောင်း ဖြင့် ဝင်ရောက်လာပြီးနောက် ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းတမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၅ ဦး လက်နက်ကြီးကျည်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

        နမ့်ခမ်းမြို့ထဲသို့ စစ်ကြောင်း ၃ ကြောင်းဖြင့်ဝင်လာသော TNLA တပ်ဖွဲ့မှာ ယမန်နေ့ နမ်းခမ်းစျေးတွင် ပစ်သတ်ခံခဲ့ရသော PSLF မှ အခွန်ကောက်ခံသူ ၂ ဦး၏ ရုပ်အလောင်းကို ရင်ခွဲရုံမှသယ်ယူကာ မြို့ပေါ်မှ ပြန်လည်ထွက်ခွာချိန်တွင်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက7stars News ကို ယခုကဲ့သို့ ပြောဆိုသည်။

"TNLA တပ်ဖွဲ့တွေ စစ်ကြောင်း ၃ ကြောင်းနဲ့ဝင်လာတယ်။ သူတို့သေနတ်ပစ်ဖောက်တာတွေမလုပ်ကြဘူး။ မနေ့က နမ့်ခမ်းစျေးမှာ TNLA ဘက်ကအကောက်ခွန်အရာရှိ ၂ ဦး ပစ်သတ်ခံရတယ်။ အလောင်းကို ရင်ခွဲရုံမှာ ထားထားတာ။ TNLA တို့က အဲ့ဒီအလောင်းယူပြီးတော့မြို့ထဲက ထွက်သွားကြတယ်။ ၁၅ မိနစ်လောက်ကြာတော့ စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ လှမ်းထုတာ။ TNLA ဘက်ကပြန်ပစ်သံမကြားရဘူး။ ပြည်သူ ၅ ဦး ဒဏ်ရာရတယ်လို့ပြော နေကြတယ်။” ဟု ဆိုသည်။

        စစ်ကောင်စီတပ်က ရမ်းတမ်းပစ်လိုက်သောလက်နက်ကြီးကျည်မှာ နမ့်ခမ်းမြို့အထက် နောင်ဂျန်ကောင်ရွာရှိ ကချင်ခရစ်ယာန် ဘုရားကျောင်းအနီးမှ ဒေါ်ဇဒေါင်ထု ၏ နေအိမ်ကို ထိမှန်တာဖြစ်ပြီး မိသားစုအပါအဝင်အိမ်နီးနား ချင်း ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းပြည်သူ တစ်ဦးက 7stars News ကို ယခုကဲ့သို့ ထပ်မံပြောဆိုသည်။

"TNLA တွေ ဘယ်ရောက်နေကြပြီတောင်မသိဘူး။ စစ်တပ်က လက်နက်ကြီး ရမ်းပစ်တာ။ရွာဘုရားကျောင်း အနီးမှာ နေတဲ့ ဒေါ်ဇဒေါင်ထုရဲ့ နေအိမ်ကို လက်နက်ကြီးကျည်ထိမှန်တာ။၅ ယောက် ဒဏ်ရာရသွားတယ်။ အဖွားဖြစ်တဲ့ သူက ဒဏ်ရာပြင်းတယ်။” ဟု ဆိုသည်။

        TNLA တို့ မြို့တွင်းထဲထိ စစ်ကြောင်းဖြင့်ဝင်လာခြင်းကြောင့်လည်း ပြည်သူများ စိုးရိမ် ထိပ်လန့်ခဲ့ကြကြောင်း ဒေသခံတစ်ဦးကလည်း 7stars News ကို ပြောသည်။



"သူတို့ တိုက်ပွဲဝင်ဖို့ လာတာလည်းမဟုတ်ဘူးလေ။ မြို့ထဲထိ စစ်ကြောင်းနဲ့ ဝင်စရာမလိုဘူး။ အလောင်းလာသယ်ပြီးပြန်ရင်ပြီးတဲ့ဟာ။ ပြီးတော့ စစ်ကောင်စီတပ်ကလည်း TNLA ကို ထိအောင်ပစ်တာမဟုတ်ဘူး။ နာတော့ပြည်သူပဲ နာတာပေါ့။ ပြည်သူတွေက အရမ်း ကြောက်လန့်နေကြတာလေ။” ဟု ဆိုသည်။

        ဒဏ်ရာရရှိသော ပြည်သူ ၅ ဦးကိုမူ ကောင်းမွန်စွာ ကုသပေးလျက်ရှိနေပြီဟု သိရသည်။နမ့်ခမ်းမြို့ အနီး ဝန်းကျင်သည် KIO/KIA , SSPP/SSA နှင့် PSLF/TNLA တို့ သွားလာလှုပ်ရှားလျက်ရှိသော နယ်မြေဖြစ်သည်။

photos: CJ
The 7Stars News

Post a Comment

0 Comments