ကွတ်ခိုင်မြို့အနီးတွင် MNDAA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်

 ကွတ်ခိုင်မြို့အနီးတွင် MNDAA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်

        ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးပန်ဆေးကျေးရွာ နှင့် ကုန်းဆာရွာ ကြားတွင်ယနေ့ညနေပိုင်း ၄ နာရီခွဲအချိန်၊ MNDAA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

        စစ်ကောင်စီတပ်တို့ စစ်ရေးလှုပ်ရှားမှုပြုနေစဉ်လမ်းခုလပ်တွင် MNDAA တပ်ဖွဲ့တို့ ဖြတ်တိုက်ရာမှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

        ကွတ်ခိုင် အမြောက်တပ်မှလည်း လက်နက်ကြီး ပစ်ကူမှု ရှိခဲ့ကြောင်း ကွတ်ခိုင်နယ်ခံတစ်ဦးက 7stars News ကို ပြောသည်။
"ညနေ ၄ နာရီကျော်မှာ သေနတ်ပစ်သံတွေကြားရတယ်။ ကွတ်ခိုင် အမြောက်တပ်က လက်နက်ကြီး ၁၀ ကြိမ်ထက်မက ပစ်ခတ်ခဲ့တယ်။ပန်ဆေး အနီးမှာ တိုက်ပွဲ ဖြစ်နေတယ်လို့ပြောတာပဲ။” ဟု ဆိုသည်။

        တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုသတင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ယခု တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒေသသည်KIA, MNDAA နှင့် TNLA တို့ ပုံမှန်လှုပ်ရှားလျက် ရှိသော ဒေသဖြစ်သည်။

The 7Stars News

Post a Comment

0 Comments