မိုးမောက် ခမရ ၄၃၇ စစ်ကြောင်းကို မိုးမောက် PDF နှင့် KIA တို့ ပူးပေါင်းတိုက်ခိုက်

           ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကြံခင်းကျေးရွာ အနီး လှုပ်ရှားလာသော ခမရ (၄၃၇)စစ်ကြောင်းကို မိုးမောက် PDF နှင့် KIA တို့ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

          တိုက်ပွဲ နှင့် ပတ်သက်ပြီး အမည်မဖော်လိုသော ပြည်သူ တစ်ဦးက...

  "ဒီညနေ ၂ နာရီကျော်လောက်မှာ ကြံခင်းရွာဘက်မှာ လက်နက်ကြီး လက်နက်ငယ်သံတွေကြားနေရတယ်။ ကြံခင်းရွာဘက်မှာ ခမရ ၄၃၇ တပ်ရှိတယ်လေ။ တပ်ထဲကစစ်ကြောင်းထွက်လာချိန်မှာ KIA တို့ ခြုံခိုတိုက်ခိုက်တာလို့ သိရတယ်။” ဟု 7stars News ကို ပြောသည်။ 

          တိုက်ပွဲ ဖြစ်ပွားပြီးနောက် ၄၅ မိနစ်အကြာတွင်စစ်ကောင်စီတပ် ခမရ ၄၃၇ တို့ လူအင်အားတစ်ရာကျော်ဖြင့် ရောက်လာပြီး မိုးမောက်မြို့စျေးရှေ့တွင် သေနတ်များပစ်ဖောက်ကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားသည်ဟုမျက်မြင်တစ်ဦးက 7stars News ကို ပြောသည်။

"လက်နက်ပစ်ခတ်သံတွေကြားရပြီး ၄၅ မိနစ်လောက်မှာ စစ်သား တစ်ရာကျော်မြို့ထဲ 

ဝင်လာ တယ်။ စျေးရှေ့မှာသေနတ်တွေ ပစ်ဖောက်တယ်။ အဲ့ဒီမှာ ရှိနေတဲ့ ပြည်သူ (၃၀) ကျော်ကို ခေါ်သွားတာ တွေ့ရတယ်။ ကလေးတွေလည်းပါတယ်။” ဟုဆိုသည်။

          မိုးမောက်မြို့ ပြည်သူများမှာ စစ်ကောင်စီတပ်ဖွဲ့မှ လူသားဒိုင်းအဖြစ် ခေါ်ဆောင် သွားခြင်းခံရသော ပြည်သူများအတွက် စိုးရိမ်ပူပန်လျက် ရှိနေကြသည်။


The 7Stars News

Post a Comment

0 Comments