ဘိန်းဖြူ ကီလို ၃၀ နှင့် ဘလောက်တုံးအပြင် ရာဘဆေးပြား အမြောက်အမြား ဖမ်းဆီးရမိ

 


        ကေအိုင်အို အုပ်ချုပ်ရာဒေသ အိုလန်ပါခရိုင်၊ မာလိပါမြို့နယ် မိုင်းခေါင်တိုက်နယ်ကွန်ဖျပါ အထက်၌ နိုဝင်ဘာ ၂၁ ရက်နေ့ တွင် ကေအိုင်အို အထူးမူးယစ်တပ်ဖွဲ့များမှ မူးယစ်ဆေးဝါး အမြောက်အမြားကိုဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။
 
        ကေအိုင်အို အထူးမူးယစ်တပ်ဖွဲ့မှ ကွန်ဖျပါအထက်တွင် ဆိုင်ကယ် ၅ စီးအား တားဆီး စစ်ဆေးရာ ကီလို ၃၀ မျှရှိသော ဘိန်းဖြူ ၆၆၂ ခွက်၊ ရာဘဆေးပြား (၄၀၂၀၀၀) ပြား နှင့် ဘလောက်တုံး (၃၅၀) တုံး တို့ကိုဖမ်းဆီး
ရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှတဆင့် မန်ဝိန်းကြီး
ကိုဖြတ်ကာ ကချင်ပြည်နယ်သို့ တင်သွင်းသယ်ဆောင် လာခြင်းဖြစ်ကြောင်း ကိုလည်းသိရသည်။
 
        ယင်းမူးယစ်ဆေးဝါး သယ်ဆောင်သူ ၅ ဦးကို ကေအိုင်အို အထူးမူးယစ်တပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းထား ကာ ကေအိုင်အို၏ တည်ဆဲဥပဒေဖြင့် အမှုဖွင့် အရေးယူသွားမည်ဟု ဆိုသည်။ဖမ်းဆီးရမိသောမူးယစ်ဆေးဝါး များ၏ ကာလတန်ဖိုးမှာ သိန်း တစ်သောင်းမျှ တန်ကြေးရှိကြောင်း သိရသည်။
 
        မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသော ကွမ်းဖျပါသည် ဗန်းမော်ခရိုင် မန်စီမြို့နယ် အတွင်းတွင်ရှိပြီး ကေအိုင်အိုတို့ ထိန်းချုပ်ရာ ဒေသ ဖြစ်သည်။
 
The 7Stars News

Post a Comment

0 Comments