ရွှေကူဘက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောတစ်စီးကို KIA နဲ့ PDF တို့ တိုက်ခိုက်၊ စစ်ကောင်စီဘက် အရာရှိ ၃ ဦးအပါအဝင် ၇ ဦး ဒဏ်ရာပြင်းထန်


 
        ကသာမြို့နယ် တိုက်ကုန်းဘက်မှ ရွှေကူဘက်ကိုဦးတည် ခုတ်မောင်းလာတဲ့ စစ်ကောင်စီရဲ့ သင်္ဘော တစ်စီးကို ယနေ့ည ၆:၀၀ နာရီအချိန်မှာ KIA နဲ့ PDF တို့ ပူးပေါင်းပြီး စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိတယ်။
 
        KIA နဲ့ PDF တို့က အဆိုပါ သင်္ဘောကို ကျောက်ကြီးကျေးရွာ အနီး မှာ စောင့်ကြို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း သင်္ဘောပေါ်က​​နေတန်ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက 7stars News ကို ပြောပါတယ်။
 
"သင်္ဘောကို ဘယ်သူတွေက ပစ်တာလဲတော့မသိဘူး။ ပစ်ခတ်သံတော့ ကြားတယ်။သင်္ဘောပေါ်ကနေလည်း ပြန်ပြီး ပစ်တယ်။အပြန်အလှန် ပစ်ခတ်တာ မိနစ် ၂၀ လောက်တော့ ကြာမယ်ထင်တယ်” လို့ ပြောပါတယ်။
 
        ပစ်ခတ်ခံရတဲ့ စစ်ကောင်စီ သင်္ဘောပေါ်စစ်သားအမြောက်အမြားကို တင်ဆောင်ထားရုံမက စစ်လက်နက် ခဲယမ်းများ နဲ့ တင့်ကားကိုပါ တင်ဆောင်ထား တယ်လို့ ဆိုပါတယ်။KIA နဲ့ PDF တို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ကြောင့်သင်္ဘောပေါ်ပါလာတဲ့ ဗိုလ်မှူး တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး၊ ဒုတပ်ကြပ် တစ်ဦး တို့အပါအဝင်
၇ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့သိရတယ်။
 
        စစ်ကောင်စီ သင်္ဘောဟာ ပစ်ခတ် တိုက်ခိုက်ခံရပေမဲ့ ယနေ့ည ၇:၀၀ နာရီအချိန် ရွှေကူဆိပ်ကမ်းမှာ ကမ်းကပ်နိုင်ခဲ့တယ်လို့ သိရတယ်။ အဆိုပါ စစ်ကောင်စီ သင်္ဘောဟာ စက်တင်ဘာလ ၉ ရက်နေ့ နံနက်က မန္တလေးကနေ ဗန်းမော်ဘက်ကို စစ်သားအင်အား ၁၀၀ ကျော်မျှ တင်ဆောင်ကာ ဆန်တက်လာတာဖြစ်ပြီး
ကသာမြို့အရောက်မှာ ခလရ-၃၀၉ တပ်မှ စစ်သား ၂၀၀ ကိုပါ အင်အားထပ်ဖြည့်တင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
 
 
7stars News

Post a Comment

0 Comments