(၅)လကြာတော့ စစ်အာဏာသိမ်းခေါင်းဆောင် ဘာရသွားလဲ

ဒီနေ့ဆိုရင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းတာ ၅ လ ပြည့်ပါပြီ။ ပြည်သူ အယောက် ၉၀၀ နီးပါး ကိုသတ်ပြီးဖြစ်သလို ထောင်ထဲမှာလည်း ဖမ်းထားတဲ့သူက ထောင်ဂဏန်းချီနေလို့ ထောင်တောင် ဆန့်သေးရဲ့လားလို့ မေးရတဲ့ အထိ ဖြစ်လို့နေပါပြီ။
၁၉၈၈ စက်တင်ဘာလတွင် လက်နက်မဲ့ ဆန္ဒပြသူများအား စစ်တပ်က ဖြိုခွဲစဉ်[/caption] အာဏာသိမ်းတာကို ဆန္ဒပြတဲ့ နိုင်ငံတဝန်းက လူငယ်အများအပြားဟာ ခေါင်းကို စနိုက်ပါနဲ့ချိန်ပစ်ခံရလို့ ခေါင်းပွင့်သေဆုံးတာတွေ၊ ညမှာ အကြမ်းဖက်ဖမ်းဆီးသွားပြီး မနက်မှာ အလောင်းတောင်ပြန်မရတာမျိုးတွေ၊ မိဘရင်ခွင်ထဲမှာရှိနေတဲ့ ကလေးကို ပစ်သတ်တာမျိုးတွေ၊ ရွာကိုမီးရှို့လို့ သက်ကြီးရွယ်အိုတွေ မီးထဲပါသေဆုံးရတာတွေနဲ့ လမ်းသွားလမ်းလာကိုတောင် အခန့်မသင့်ရင် ပစ်သတ်တဲ့ ရမ်းကားလူမဆန်တဲ့ရက်စက်မှုမျိုးတွေဟာ လူတွေအဖို့ နားရှိလို့သာ ကြားရတာ၊ ယုံနိုင်စရာ မရှိဘူး။ အဲဒီလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဆန့်ကျင်လို့ အသတ်ခံရတဲ့သူတွေထဲမှာ နောင် တိုင်းပြည်အတွက် အားထားရမယ့် လူငယ်တွေ အများကြီး ပါသွားတယ်။ အဲဒါတွေ မြန်မာပြည်မှာ ဖေဖော်ဝါရီလကုန်ခါနီး ကနေ ဖြစ်လာလိုက်တာ ကနေ့အထိ ဟိုမှာ ဒီမှာ ဖြစ်နေတုန်းပါပဲ။ အဲဒါတွေ အကုန်လုံးက ဒီမိုကရေစီနည်းကျကျ တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဆီက အာဏာလုယူခဲ့တဲ့ စစ်ကောင်စီရဲ့ ရက်ပေါင်း ၁၅၀ နီးပါး သက်တမ်းအတွင်း ဖြစ်ခဲ့တယ် ဆိုတာ သတိချပ်ဖို့ လိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သေဆုံးခဲ့သူ အရည်အတွက်နဲ့ ပတ်သက်ပြီး အများက ပြောနေတဲ့ အရည်အတွက်ကို လက်မခံဘဲ ၃၀၀ နီးပါးလောက်တော့ သေပါတယ်လို့ ဝန်ခံပါတယ်။ လူမသတ်ရင် အာဏာရှင် မဟုတ် သမိုင်း ပြန်ကြည့်မယ်ဆိုရင် ၁၉၆၂ ကနေ ယနေ့ အထိ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၃ ကြိမ်ရှိခဲ့ပါတယ်။ မြန်မာပြည်က စစ်အာဏာရှင်တွေရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့ ပြောရမယ့် ဗိုလ်ချုပ်နေဝင်း ၁၉၆၂ မှာ အာဏာသိမ်းတော့ ၅ လအတွင်းမှာ လူသေဆုံးတဲ့ဦးရေဟာ ဇူလိုင်လ တက္ကသိုလ်ကျောင်းဝင်းအတွင်း ပစ်ခတ်မှုတွေကြောင့် တရာလောက် သေဆုံးခဲ့နိုင်တယ်လို့ ပြောရမယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းတာ ၅ လပြည့်တဲ့ ဒီနေ့ (ဇူလိုင် ၁ ) မှာတော့ သေဆုံးသူဟာ အယောက် ၉၀၀ နီးပါးရှိနေပါပြီ။
တကယ်တော့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းစက တက္ကသိုလ်ကျောင်းသားတွေကလွဲရင် အာဏာသိမ်းတာကို မကြိုက်တဲ့ပြည်သူတွေဟာ လမ်းပေါ်မှာ အချင်းချင်းတီးတိုးဝေဖန်တာ၊ လက်ဖက်ရည်ဆိုင်၊ ဆံသဆိုင်၊ ဓာတ်ပုံဆိုင်မှာ ဆွေးနွေးကြတာကလွဲလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒီနေ့မြန်မာပြည်သူတွေ ခါးခါးသီးသီးဆန့်ကျင်သလို နိုင်ငံအနှံ့အပြားလမ်းပေါ်ထွက်ပြီး ဒီမိုကရေစီတောင်းဆိုဆန္ဒပြတာမျိုး၊ CDM လုပ်တာမျိုးတွေမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း အာဏာရှင်ကတော့ အာဏာရှင်ပါဘဲ။ အာဏာရှင်ဗိုလ်ချုပ်နေဝင်းက သူ့ကို ပထမဆုံးဆန့်ကျင်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို နှိပ်ကွပ်တဲ့အနေနဲ့ အာဏာသိမ်းပြီး ၄ လကျော်အကြာမှာ သမိုင်းအစဉ်အလာကြီးတဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်စီးပြခဲ့ပါတယ်။ နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တလျှောက်လုံးလည်း လူထုဆန္ဒပြပွဲတွေကိုလည်း ရက်ရက်စက်စက်အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။ အာဏာရှင်ဦးနေဝင်းကို ဆန့်ကျင်ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးမှာလည်း စစ်တပ်ဟာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကစလို့ ထောင်ချီတဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်သတ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးစောမောင် အာဏာသိမ်းခဲ့ပြီး စက်တင်ဘာ ၁၈ ရက်ကနေ ၂၆ ရက်အတွင်းမှာကိုပဲ အမျိုးသမီး ၃၄၂ ဦး၊ အမျိုးသား ၃၃၉ ဦး၊ စုစုပေါင်း ၆၈၁ ဦးပစ်သတ်ခံရတယ်လို့ အစိုးရပိုင် လုပ်သားပြည်သူနေ့စဉ်သတင်းစာက ဖော်ပြခဲ့ပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလ တခုလုံးမှာ လူပေါင်း ၃၀၀၀ လောက် သေဆုံးတယ်လို့ ဒီမိုကရေစီအင်အားစုတွေဘက်က ခန့်မှန်းခဲ့ကြပြီး ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ထဲမှာ၊ စစ်ကြောရေးမှာ၊ ရဲဘက်စခန်းတွေမှာ သေဆုံးတဲ့ ရာနဲ့ချီတဲ့လူတွေရဲ့စာရင်း မပါသေးပါဘူး။ ဒါဆို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ လူသတ်တာ အပြင် ဘာလုပ်တတ်သေးတုန်းဆိုပြီး မေးမယ့် သူတွေ ရှိနိုင်ပါတယ်။ သူ့ကို ဆန့်ကျင်တဲ့ သူတွေ မှန်သမျှ အကုန်ဖမ်းတယ်။ ပြေးနေတဲ့သူဆို ဝရမ်းထုတ်တယ်။ သူ့ကို ဆန့်ကျင်တဲ့သူကလည်း တနိုင်ငံလုံးဆိုတော့ ဖမ်းဝရမ်းမှာ အလှဖန်တီးရှင် ကနေ အနုပညာရှင်၊ ဆရာဝန်၊ တက္ကသိုလ် ပါမောက္ခတွေအလယ် မူလတန်းကျောင်းဆရာ ဆရာမတွေအထိ ပါကုန်တာ မဆန်းဘူး။ အဲဒီတော့ ကျောင်းတွေမှာ ဆရာတွေ မလောက်လို့ လူသစ်တွေခေါ်နေရတယ်။ ဆေးရုံတွေမှာ ဆရာဝန်၊ သူနာပြုတွေ မလောက်လို့ အခု ကိုဗစ်တတိယလှိုင်း ပြင်းထန်လာချိန်မှာ သူ ဘယ်လိုလုပ်မလဲ ဆိုတာ အားလုံးက စိတ်ဝင်တစား ရှိနေပါတယ်။ လူတွေသတ် လူတွေဖမ်းနေပေမယ့် တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်လားဆိုတော့ ရာနှုန်းပြည့်တော့ မအုပ်ချုပ်နိုင်သေးပါဘူး။ အရင် အာဏာရှင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတူတာက အခု သူ့ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် အရပ်သား ပြောက်ကျားတွေက မြို့ပေါ်မှာပါ ရင်ဆိုင်တိုက်လာတာပဲ ဖြစ်ပါတယ်။ စစ်ကောင်စီ ခန့်တဲ့ အုပ်ချုပ်ရေးမှုးကို လမ်းလယ်မှာ သေနတ်နဲ့ တေ့ပစ်တာ ဆိုတာမျိုးဟာ ရန်ကုန်က လူတွေအတွက် ကြုံတောင့်ကြုံခဲပါပဲ။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကြောင့်သာ မြင်ရ ကြားရဖူးတာပါ။ သူတို့ကို မနှိမ်နှင်းဘူးလားဆိုတော့ နှိမ်နှင်းတာဘဲ။ ဒါပေမယ့် ကင်းလှည့်နေတဲ့ ရဲကို ပစ္စတိုနဲ့ အသေပစ်သတ်သွားတာမျိုးတွေဟာ အာဏာသိမ်း သက်တမ်း ငါးလပြည့်ဖို့ ၂ ရက်အလိုအထိ ရန်ကုန်လိုနေရာမျိုးမှာ ဖြစ်နေတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းတာ အောင်မြင်တယ်လို့ ပြောရခက်လှပါတယ်။

Post a Comment

0 Comments