လူထုအနေဖြင့် စစ်ရေး နိုင်ငံရေး သတိထားနားစွင့်ကြရန် KIA တိုက်တွန်း


 


    ပြည်နယ်နှင့်တိုင်း ဒေသအသီးသီးတွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် တော်လှန်တိုက်ခိုက်မှုများ ရှိနေ သဖြင့် တောရောမြို့ပါမကျန် အချိန်မရွေး တိုက်ခိုက်မှုများ ဖြစ်နိုင်ခြင်းကြောင့် လူထုအနေဖြင့် စစ်ရေးနှင့် နိုင်ငံရေးကို သတိထား နားစွင့်ကြရန် လိုအပ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က တိုက်တွန်းပြောဆိုသည်။

    KIA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “စစ်ကောင်စီရဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး အတွက် ပြည်သူလူထုကလည်း တိုက်ခိုက်နေတယ်။ တော်လှန်ရေးလုပ်နေတဲ့ အချိန်ကာလ ဖြစ်တယ်။နေရာတကာမှာ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တာပေါ့။ အဲဒါကြောင့် ပြည်သူလူထုက သတိအနေအထားနဲ့ နိုင်ငံရေး၊ စစ်ရေးကို နားစွင့်နေဖို့ လို တယ်လို့ အဲဒီလောက်ပဲ ကျနော်ပြောလိုပါတယ်” ဟု သူကပြောသည်။

    ယခင်က စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ရာတွင် နှစ်ဖက်တပ်စခန်းများရှိသည့် တော တွင်းနှင့် နယ်မြို့များ၌သာ တိုက်ခိုက်မှုများ ဖြစ်သော်လည်း ယခုအခါ မြို့ပေါ်ဧရိယာများတွင်လည်းမတည်မငြိမ် ဖြစ်နေသဖြင့် အချိန်မရွေး တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့်အပေါ် ထိုကဲ့သို့ သတိပေး ပြောဆိုခြင်းလည်း ဖြစ်သည်။

    ဗိုလ်မှူးကြီးနော်ဘူက “ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ နေရာတကာမှာ တိုက်ပွဲတွေ ဖြစ်တာပဲ။ တိုက်ပွဲတွေ ဖြစ်တယ် ဆိုတော့ ပြည်သူလူထုအတွက် စိုးရိမ်ပူပန်မှုတွေ ရှိတာပေါ့။ ဒါကြောင့် သတင်းတွေကို နဂိုကထက် နားစွင့် ရမယ်လို့ ပြော ချင်ပါတယ်။ မတည်မငြိမ်ဖြစ်တဲ့နိုင်ငံ ဖြစ်လာတဲ့ အနေအထားကြောင့် ပြောတာပါ။ ကချင်ပြည်နယ် မှာလည်း ကျနော်တို့ KIA က တိုက်ပွဲမဖြစ်ရင်၊ ဝင်မတိုက်ရင်လည်း မပြောနိုင်တဲ့ (တခြား) အဖွဲ့အစည်းတွေလည်း ရှိ တာပေါ့။ တိတိကျ ကျပြော လို့ မရဘူး” ဟု ဆိုသည်။

    ကချင်ပြည်နယ်တွင်း စစ်ကောင်စီက ရိက္ခာနှင့် စစ်သည်အင်အား စုဆောင်းခြင်းများ ပြုလုပ်နေသဖြင့် တနိုင်ငံလုံး အတိုင်း အတာဖြင့် တိုက်ပွဲများ ဖြစ်လာပါက အသင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်နေသည်ဟုလည်း သုံးသပ်မိကြောင်း ၎င်းက ပြော ဆိုသည်။

    KIA သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ရပ်တန့်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်မျက်နှာဖွင့်ကာ တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အပြင် စစ်ကောင်စီက လိုက်လံ ဖမ်းဆီးနေသည့် နိုင်ငံရေးသမားများ၊ စစ်ကောင်စီကို ဆန့်ကျင်နေသော အစိုးရဝန်ထမ်းများနှင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လိုသည့် လူငယ်များကို အကူအညီပေးနေသော အဖွဲ့အစည်း ဖြစ်သည်။

    စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြနေသည့် လူထုကို သွေးထွက်သံယိုဖြစ်အောင် မလုပ်ရန် ကချင် ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံ စကားပါးသော်လည်း ပြေလည်ခဲ့ခြင်း မရှိရာမှစ၍ စစ်ကောင်စီနှင့် KIA ကြား ဆက်ဆံရေး တင်းမာမှု စတင်ခဲ့သည်။မတ် ၈ ရက်တွင် စစ်ကောင်စီက မြစ်ကြီးနားမြို့ပေါ်၌ ဆန္ဒပြနေသည့် လူထုကို ပစ်ခတ်ခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ရာမှ စ၍ မတ် ၁၁ ရက်တွင် KIA က စစ်ကောင်စီအား ဖားကန့်မြို့နယ်တွင် စတင်တိုက်ခိုက်ခဲ့သည်။

    KIA သည် ဖားကန့်၊ အင်ဂျန်းယန်၊ ရွှေကူ၊ မိုးမောက်၊ မန်စီ၊ နမ္မတီး၊ တနိုင်း၊ ပူတာအို မြို့နယ်တို့တွင် စစ်ကောင်စီ၏ တပ် စခန်းများ၊ ရဲကင်းစခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်တပ်နှင့်ရဲက လူထုကို ဒုက္ခပေးနေခြင်းကြောင့် တိုက်ခိုက် ခြင်း ဖြစ်သည်ဟုလည်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

    မတ် ၁၁ ရက်မှ စတင်ခဲ့သည့် တိုက်ပွဲများသည် တဖြည်းဖြည်း ကျယ်ပြန့်လာရာ ဇွန် ၂၃ ရက်တွင် ကချင်ပြည်နယ် ၏ မြို့တော် မြစ်ကြီးနားမြို့အနီး ဗလမင်းထင်တံတားအထိ KIA က တိုက်ခိုက်မှုများ ရှိလာခဲ့သည်။ ဇွန် ၂၃ ရက်၊ ည ၇ နာရီ ၄၀ မိနစ်ဝန်းကျင်၌ KIA ၏ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း ၃ သည် ဗလမင်းထင် တံတားဂိတ်အနီးရှိ စုပေါင်းဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး KIA ဘက်က ၎င်းတို့အနေဖြင့် စုပေါင်းဂိတ်ကို ၁၅ မိနစ် ကြာ လာရောက် ပစ်ခတ်ပြီးနောက် ပြန်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။အဆိုပါ စုပေါင်းဂိတ်သည် စစ်ကောင်စီ၏ စစ်တပ်၊ ရဲ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အခွန်အကောက်ရုံးများ စုပေါင်းထိုင်သည့် ဂိတ် ဖြစ်သည်။

    ဗလမင်းထင်တံတားသည် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ကြား ကန့်လန့်ဖြတ် တည်ရှိနေသည့် ဧရာဝတီ မြစ်ပေါ် တည်ဆောက်ထားသည့် တံတားဖြစ်ကာ တံတား၏ တဖက်တချက်စီတွင် စစ်တပ်နှင့်ရဲ ဂိတ်များ တည်ရှိ သည်။KIA ဝင်ရောက် တိုက်ခိုက်သည့် ဂိတ်သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုဘက်တွင် ရှိသည့် ဂိတ် ဖြစ်သည်။ထိုဂိတ် တိုက်ခိုက်ခံရပြီးနောက် ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များက မိုင်းနားကျေးရွာအုပ်စု ပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် KIA ၏ မြို့များဖြစ်သော လိုင်ဇာနှင့် မိုင်ဂျာယန်မြို့ ပတ်ဝန်းကျင် ပါဂျောင်၊ ဖလာ့ဘွမ်၊ အလော့ဘွမ်နှင့် ဖားကန့်မြို့နယ်အတွင်းရှိ KIA တပ်စခန်း များ တည်ရှိရာဘက်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ KIA က ၁၅ မိနစ်ကြာ တိုက်ခိုက်ခဲ့သည့် စုပေါင်း ဂိတ်၌ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။

    မိုင်းနားကျေးရွာအုပ်စုအတွင်း နေထိုင်သူတဦးက “မနေ့ညက ပစ်တော့ ဂိတ်ထဲက ရဲနှစ်ယောက် ကျည်ထိတယ်။ ဒဏ်ရာ ရထားလို့ အခု တပ်ဆေးရုံမှာ ထင်တယ်။ ကုနေရတယ်။ ကြားသလောက်တော့ သူတို့ ရုံးနဲ့ဂိတ်ကို လုံခြုံရေး အရင်ကထက် ပိုပြီးတိုးမြှင့်တာ ပြင်ဆင်တာတွေ လုပ်မယ်တဲ့။ ကျနော်တို့အမြင် စိတ်ခံစားချက်ကတော့ သူတို့ ဒီလို တိုက်ခံရရင် လူထုကို ပိုမဲမှာတော့ စိုးရိမ်မိတယ်။ KIA ကို ပြန်မလုပ်ဘဲ လူထုကို မသင်္ကာတာဆိုတာနဲ့ တခုခုလုပ်မှာ ကိုလည်း သတိထားနေတယ်” ဟု ဆိုသည်။

    စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ စစ်ဘေးရှောင်စခန်းတခု အတွင်းသို့ လက်နက်ကြီး ကျည် များကျကာ စစ်ဘေးရှောင်များ သေဆုံးသည်ဟူသည့် ကောလဟာလများလည်း ပြန့်နေ‌သော်လည်း မိုင်းနား ကျေးရွာအုပ်စုအတွင်းရှိ စစ်ဘေးရှောင်စခန်းတခု၏ တာဝန်ခံက “မိုင်းနားမှာ စစ်ဘေးရှောင်စခန်း ၅ ခု ရှိပါတယ်။ တခုမှ ထိခိုက်တာ မရှိပါဘူး။ ဒီနေ့ မနက်ပိုင်းမှာလည်း မိုင်းနားကျေးရွာထဲမှာ အေးအေးဆေးဆေးပါ” ဟု ပြောသည်။

    တိုက်ခိုက်ခံထားရသည့် မိုင်းနားစုပေါင်းဂိတ်၏ လမ်းမပေါ်တွင် ဘယ်ရီဂိတ်များချကာ ယနေ့ နံနက် ၇ နာရီအထိ အသွား အလာ ပိတ်ချထားခဲ့ပြီး ၇ နာရီနောက်ပိုင်းမှသာ လမ်းပြန်ဖွင့်ပေးခဲ့ကြောင်း၊ ထိုသို့ လမ်းပြန်ဖွင့်ရာတွင်လည်း လမ်းသွား လမ်းလာများ၏ လက်ကိုင်ဖုန်းများအား စစ်ဆေးခြင်း၊ ဆိုင်ကယ်တူးဘောက်များ ဖွင့်စစ်ခြင်း၊ ကားများကို စစ်ဆေးခြင်း များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။စုပေါင်းဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က အသွားအလာ များကို စစ်ဆေးနေသော်လည်း ဗလမင်းထင်တံတားအနီးရှိ စုပေါင်းရုံးသည် ယနေ့ နေ့လယ်ပိုင်း ၁ နာရီအထိ ရုံးပိတ်ထားသည်ကို တွေ့ရကြောင်း ဒေသခံတချို့က ပြောသည်။

    ကချင်ပြည်နယ်တွင် KIA က စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးလက်အောက်မှ ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည်လည်း ကချင်ပြည် နယ်၏ မြို့နယ်အချို့တွင် လှုပ်ရှားမှုများရှိနေပြီ ဖြစ်သည်။ကချင်ပြည်နယ်တွင်း ဗန်းမော်နှင့် ရွှေကူမြို့ တို့တွင် PDF တပ်ဖွဲ့များကို ဖွဲ့စည်းပြီးကြောင်း တရားဝင်ကြေညာထားသလို ၎င်းတို့သည် စစ်ကောင်စီနှင့် စစ်ကောင်စီ၏ လက်ပါးစေများကို တိုက်ခိုက်ရန်၊ စစ်ကောင်စီကို ဆန့်ကျင်နေသူများအား ကာကွယ်ရန်လုပ်ဆောင် မည်ဟူ၍လည်း ထုတ်ပြန်ထားသည်။

ထိုသို့ ဖွဲစည်းလိုက်သည့် နှစ်ဖွဲ့အနက် ရွှေကူ PDF သည် KIA နှင့် ပူးပေါင်းကာ ဇွန် ၄ ရက်၊ ညပိုင်းက ရွှေကူမြို့ အတွင်းရှိ မြို့မရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။စစ်ကောင်စီသည် စစ်သင်တန်းတက်ပြီး PDF ဖွဲ့စည်းရန် ပြင်ဆင်နေသည့် လူငယ်များကို မြို့နယ်အသီးသီးတွင် ရှာဖွေနေ ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ ပူတာအိုနှင့် နောင်မွန်မြို့နယ်များအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးစစ်ဆေးခြင်းခံရသည့် လူငယ်ဦးရေ ၆၀ ကျော် ရှိပြီဖြစ်သည်။


Photo : Internet

7Stars News

Post a Comment

0 Comments