နမ့်စလပ် အုပ်ချုပ်ရေးမှူး လုပ်ကြံခံရ

 

    ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်နမ့်စလပ်တိုက်နယ် အုပ်ချုပ်ရေးမှူးဦးရွှေပ အသက် (၃၀) နှစ်သည် ယနေ့နံနက်၁၀:၁၀ နာရီအချိန် ၎င်း၏ နေအိမ်အနီးလမ်းမပေါ်၌ သေနတ်ဖြင့် လုပ်ကြံခံရကြောင်း သတင်းရ ရှိသည်။
 
    အဆိုပါလုပ်ကြံမှု နှင့်ပတ်သက်ပြီး အမည်မဖော်လိုသည့် နမ့်စလပ် ပြည်သူတစ်ဦးအား 7stars News မှ စုံစမ်းမေးမြန်းရာ...
"၁၀ နာရီကျော်လောက်မှာ ဖြစ်သွားတာ။ သူ့တို့အိမ်နားမှာပဲ ပစ်သွားတာ။ နဖူး နဲ့ လည်ပင်းမှာ သေနတ်ကျည် ထိမှန်တယ်။ ဘယ်သူတွေပစ်သွား မှန်းမသိဘူး။အုပ်ချုပ်ရေးမှူးဆိုတော့ စစ်တပ်တွေခိုင်းတာလည်း လုပ်ရတာ မျိုးတော့ ရှိတာပေါ့။” ဟု ပြောဆိုသည်။
 
    အခင်းဖြစ်ချိန် မျက်မြင်တွေ့ရှိသူ တစ်ဦးကတော့...
"အုပ်ချုပ်ရေးမှူးက ကားနဲ့လာတယ်။သူ့အိမ်မရောက်ခင် ဆိုင်ကယ်တစ်စီးနဲ့လူ နှစ်ယောက် ရောက်လာပြီး ကားကိုတားတယ်။ ပြီးတော့ သေနတ်နဲ့တစ်ချက်ပစ်တယ်။ ပြီးတော့ ကားတံခါးကို ဆွဲဖွင့်ပြီး နောက်တစ်ချက် ပစ်တယ်။ ကားကတော့ အောက်ဘက်ကို လိမ့်ဆင်းသွားတယ်။” ဟု ဆိုသည်။
 
    လုပ်ကြံခံရသူ ဦးရွှေပ မှာ အသက်သေဆုံးခြင်းမရှိပဲ ဦးခေါင်းနှင့် လည်ပင်းတွင်ဒဏ်ရာပြင်းထန်စွာရရှိသဖြင့် လားရှိုးဆေးရုံသို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်းသိရသည်။ဦးရွှေပကို ခေါ်ဆောင်သွားပြီးနောက် ရဲ နှင့်စစ်သား များ ရောက်လာကာ စုံစမ်းစစ်ဆေးခြင်းများပြုလုပ်လျက် ရှိနေကြောင်းသိရသည်။
 
7Stars News

Post a Comment

0 Comments